Sunday, April 26, 2009

၂၂ နိုဝင်ဘာည


"အဲဒီနေ့က တော်တော်နဲ့အိပ်မရဘူး။ တအားအေးတယ်....ရင်ခုန်နှုန်းတွေလည်းမြန်နေတယ်။ အိပ်မက်လား၊ တကယ်လား။"

၂၀၀၄ ခုနှစ် နိူဝင်ဘာ၁၆

"ဒါဆိုအမေမလိုက်ဘူးပေါ့။ ကျွန်တော်တစ်ယောက်တည်း မန္တလေးကို သွားရမှာပေါ့။ ဟူး....."
စီစဉ်ပြီးသားခရီးဖြစ်နေ၍ မသွားမဖြစ်သွားရတော့မည်။ ရန်ကုန်မှရထားစီးပြီး တစ်ယောက်တည်း သွားခဲ့ရသည်မှာ ဤခရီးသည် ကျွန်တော်အတွက် ပထမဦးဆုံးပါ။ ခရီးသွားတိုင်း မိသားစုနှင့်သာ သွားနေကျဖြစ်၍ အခုဆိုရင် ကိုယ်ပဲလူကြီးဖြစ်နေရသည်။ မန္တလေးရောက်တော့အဒေါ်တစ်ယောက်အိမ်မှာတည်းပြီး အိမ်၏စေခိုင်းရာကိစ္စများကို လုပ်ရသည်။ အလုပ်ဆိုတော့လည်း မလုပ်လို့လည်းမဖြစ်၊ မပြီးလျှင်အိမ်နှင့်နှစ်ပါးသွားရလိမ့်မည်။ အားလုံးသောကိစ္စအ၀၀များပြီးစီးသောအခါမှ မန္တလေးမြို့ကို သူငယ်ချင်းများဖြင့် ပျော်ပျော်ပါးပါး လည်ရပတ်ရတော့သည်။ ဒီလိုနှင့် မန္တလေးအိမ်တော်ရာဘုရားမှာ ကျွန်တော့်ဇာတ်လမ်းလေးရဲ့ အစကိုရောက်လာခဲ့ပါသည်။

၂၀၀၄ ခုနှစ် နိူဝင်ဘာ ၁၉ ညနေခင်း

"တင်ပါ့ဘုရား။ တပည့်တော်တစ်ယောက်တည်းပါ။ အမေက လိုက်လာဖို့စီစဉ်ပြီးမှ ရန်ကုန်မှာရှိတဲ့ အလုပ်တွေ လက်စမသတ်နိုင်သေးတာနဲ့ တပည့်တော်တစ်ယောက်တည်းလာခဲ့တာပါ ဘုရား။ အခုတောင် တပည့်တော်ရောက်နေတာ သုံးရက်ရှိနေပြီ။ ဒီနေ့မှ သူငယ်ချင်းတွေနဲ့လျှောက်လည်ရတယ်။ နောက်နှစ်ရက်ဆိုရင် ပြန်တော့မလို့ဘုရား။ ဒါနဲ့ ဦးဇင်းက ဘယ်တုန်းကမန္တလေးရောက်နေတာလဲ။"
"အေး၊ တနေ့ကမှ ရောက်တာ။ မနက်ဖြန်တောင် ငါရွာသွားမလို့။ အဲဒီကနေပြီးရင် ရန်ကုန်ပြန်မှာ။ မင်းလိုက်ခဲ့ပါလား။ ရွာက လူတွေကလည်း မင်းကိုမေးနေကြတယ်။"
ကျွန်တော်စဉ်းစားကြည့်သည်။ ဟုတ်တယ် အခုအလုပ်လည်းပြီးပြီး၊ ရန်ကုန်မှာလည်းလုပ်စရာမရှိဘူးဆိုတော့.....
"မှန်ပါ့ ဘုရား။ တပည်တော်လိုက်ခဲ့မယ်။ မရောက်တာလည်းကြာပြီဆိုတော့။"

ဦးဇင်းနှင့်ရင်းနှီးခဲ့သည်မှာ ကျွန်တော်ငယ်ငယ်ကတည်းကပင် ဖြစ်သည်။ ကိုယ့်ဘကြီးဘုန်းကြီးဆိုရင်လည်းမမှားနိုင်ပေ။ ဦးဇင်း၏ဘွဲ့မှာ ဦး------ ဖြစ်သော်ငြားလည်း ကျွန်တော်တို့က ဦးဇင်းဦးတင်ရွှေဟု လူဝတ်နာမည်ကိုသာ ခေါ်ကြသည်။ ဦးဇင်းနှင့်ပင် လွန်ခဲ့သောလေးနှစ်ကတည်းက ကျွန်တော်ဒီရွာလေးကို အမေနဲ့အတူ အလည်ရောက်ခဲ့ဖူးသည်။ ရွာဟုပင် ဆိုသော်လည်း အတော်ပင်အိမ်ခြေများပြီး ကျယ်ဝန်းလှသောကြောင့် ရွာကြီးရွာကောင်းဟုပြောရမည်။ ရွာနှင့်စစ်ကိုင်းမှာသိပ်ပြီးမဝေးလှပါ။ စစ်ကိုင်းကနေသွားမည်ဆိုပါက ကားစီး၍သွားရပြီး၊ မန္တလေးကနေဆိုလျှင် မြစ်ကြီးနားကိုသွားသောရထားကိုစီး၍ ခဏသာရပ်သောဘူတာတွင် အပြေးအလွှားဆင်းကြရသည်။
ရွာကြီးမှာ အညာရွာဖြစ်သောကြောင့် အပူပိုင်အပင်များဖြင့်စိမ်းစိုအုံ့ဆိုင်းနေပြီး အတော်ပင် သန့်ရှင်းသာယာလှသည်။ အဝေးတွင် မင်းကွန်းတောင်ရိုးကြီးကို မှိုင်းပျပျမြင်နိုင်သလို ကြက်သွန်ခင်းများ၊ ပဲစင်းငုံပင်များ၊ ခရမ်းချဉ်ခင်းများကို တမျှော်တခေါ်မြင်နေရသည်။ ကားသုံးလေးစီးစာ သွားနိုင်သော မြေသားလမ်းမကျယ်ကြီးကလည်း ရွာအဝင်ကတည်းကပင် ဆီးကြိုနေသည်ကိုလည်းမြင်နိုင်ပါသည်။ ဤရွာ အမည်က ရွာသာကုန်း။

၂၀၀၄ ခုနှစ် နိူဝင်ဘာ ၂၀

အေးတာမှစိမ့်ပြီးကိုအေးတာ။ မန္တလေးဆောင်းတွင်း၏ အေးစက်နိုင်မှုသည် အရိုးထဲထိအောင်စိမ့်မတက်အေးလှသည်။ ပြီးတော့အချိန်က မနက်စောစော။ ညကတည်းက ဘုန်းကြီးကျောင်းမှာအိပ်ပြီး ဘူတာကို မနက်စောစောဦးဇင်းနှင့်ဆင်း၊ လက်မှတ်ဝယ်ပြီး ဘူတာမှာစောင့်နေရသည်မှာ တမျှော်တခေါ်။ နှစ်နာရီနီးပါးစောင့်ဆိုင်းပြီးမှ ရထားရောက်လာသည်။ ရထားဥသြဆွဲသံကြားရတော့ ထကြည့်စဉ် ခပ်ပိန်ပိန်လူတစ်ယောက်က ဘေးကနေရပ်ကြည့်နေပြီး........

ဆက်ရန်................

(ဇာတ်ကောင်အမည်များနှင့်ရွာအမည်တို့ကို ပြောင်းလဲထားသည်။)
ဒီဇာတ်လမ်းကို ၁၅.၄.၀၉ကတည်းကရေးတာအခုမှတင်ဖြစ်ပါပြီ။

11 ယောက်ရဲ့ အမြင်:

ဂျပန်ကောင်လေး said...

ဒီတစ်ပုဒ်ကို တမေ့တမောစောင့်နေရတာ.. နောက်ပိုင်းတွေဆိုရင်တော့ .. ဘုရားဘုရား....း)

ဆောင်းနှင်းရွက် said...

ဂီးးးး
ဂယ်ပဲ ... ဂယ်ပဲ နော် ...
နောက်တစ်ပိုင်းက နောက်နှစ် ၄ လပိုင်းမှ လာမှာလားး ...?????

မိုးခါး said...

ပြောကုန်ပြီ
မြန်မြန်ရေးဟ
လူတွေကို လည်ပင်းရှည်အောင်မလုပ်နဲ့ :D

မေ့သမီး said...

ဇာတ်လမ်းကကောင်းမယ့်ပုံပဲ။ စာမေးပွဲပြီးမှ လာဖတ်မယ်နော်။ အခုတော့ ကျောင်းစာတွေနဲ့နပန်းသတ်နေတုန်းမို့။

ကဗျာဦး said...

အဆက်ကိုမျှော်နေတယ်

မြစ်ကျိုးအင်း said...

ကောင်းခန်းရောက်မှ ရပ်လိုက်တယ် ..အတတ်ကောင်းတွေတတ်နေတာပေါ့..ဆက်ရန်ကို စောင့်မျှော်နေပါတယ်..
...ခင်မင်သောအားဖြင့်...

ဝေလေး said...

ဘာဆက်ဖြစ်မလဲ သိချင်တယ်...

Saing Khan Tun said...

ဆက်ရေးပပါဦးဗျ .... ဘယ်ရောက်သွားတာလဲ

Unknown said...

လာလည်ပါတယ်ရှင်

ကဗျာဦး said...

ထပ်ပါတယ်
စာကြွေးတွေထပ်ဖတ်တယ်

Ðaywalker[Soul] said...

လာလည်တယ်ဗျာ

Post a Comment